ရာဇဝင်ထဲက သုံးပန်လှမင်းသမီးလေး ရဲ့ နေရပ် ဖြစ်တဲ့ လက်သည်းရေကန် နဲ့ ဟောင်းနွမ်းယိုယွင်းနေပေမဲ့ လှပနေဆဲ သုံးပန်လှကျောင်းတိုက်ရဲ့ ဝမ်းနည်းစရာ ဒဏ္ဍာရီလေး ကို ပြောပြရင်း ယဉ်ကျေးမှုသမိုင်းကြောင်းတွေ ထုံလွှမ်းနေတဲ့ သရေခေတ္တရာ ခရီးစဉ်ကို စလိုက်ပါတယ်
ရာဇဝင်ထဲက သုံးပန်လှမင်းသမီးလေး ကို ရှင်စောဖြူ ထိပ်ထားလို့လည်း ခေါ်ပါတယ် ဒီမင်းသမီးလေးကို သုံးပန်လှလို့ အမည်တွင်ရတဲ့အကြောင်းက မင်းသမီးလေးဟာ နေထွက်စမှာ ရွှေအဆင်းရှိသလို မွန်းတည့်ချိန်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးရဲ့အလှမျိုးရှိကာ ဆည်းဆာအချိန်မှာတော့ ကိုယ်ယောင်ကိုယ်ဝါထွန်းလင်းနေသယောင် ထင်မှတ်မှားရတဲ့အထိ ဖြစ်ရတာကြောင့် ပုံစံသုံးမျိုးနဲ့ လှတဲ့ သုံးပန်လှမင်းသမီးလေးရယ်လို့ အမည်တွင်ရတာဖြစ်ပါတယ်
သူမဟာ သရေခေတ္တရာရဲ့ အနီးအပါးတိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့ တောင်ညိုဘုရင်ရဲ့ နှမတော် ဖြစ်ပါတယ်၊ ရာဇဌာနီကြီးဖြစ်တဲ့ သရေခေတ္တရာနဲ့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်ဟာ သူ့ရဲ့နှမတော် ရှင်စောဖြူထိပ်ထားလေးကို ဒွတ္တပေါင်မင်းဆီဆက်သခဲ့ပါတယ်၊ မင်းသမီးလေးကလည်း ဒွတ္တပေါင်မင်းကို နာမည်ကြားစဉ်ကတည်းက တိတ်တခိုးမြတ်နိုးနေပြီးသားဆိုတော့ အကိုတော် တောင်ညိုဘုရင်က စကားစလိုက်တာနဲ့ သရေခေတ္တရာကို သတို့သမီး မိဖုရားလောင်း အဆောင်အယောင်နဲ့ လှမ်းကြွခဲ့ပါတော့တယ်
ဒါပေမဲ့ ဒွတ္တပေါင်မင်းရဲ့ အချို့သောမိဖုရားတွေဟာ သုံးပန်လှမင်းသမီးလေးရဲ့ အလှကို ကြိုတင်ကြားထားပြီးဖြစ်တာကြောင့် မနာလိုမရှုစိမ့်နိုင်ဖြစ်ကြကာ မင်းသမီးလေးကို ခေါ်ဆောင်လာတဲ့ လမ်းတစ်လျှောက်သတင်းတွေကို ဒွတ္တပေါင်မင်းကြီးဆီကို တင်ပြလျှောက်ထားရတဲ့ လူယုံကတစ်ဆင့် မင်းသမီးရဲ့ မကောင်းသတင်းတွေသာ လိမ်လည်ပြီး မဟုတ်မမှန်တင်လျှောက်စေခဲ့ပါတယ်
မိဖုရားတွေထံမှ ချီးမြှင့်ငွေတွေ စားသုံးထားတဲ့ မင်းမှုထမ်းတွေက သုံးပန်လှမင်းသမီးဟာ စုန်းအတတ်နဲ့ လှပအောင် ဖန်ဆင်းစီရင်ထားတာဖြစ်ပြီး ကြောက်စရာရုပ်သဏ္ဍာန်ကတော့ တစ်နေ့ ၃ ကြိမ်ပေါ်လာတတ်ကြောင်း မမှန်မကန်လျှောက်တင်ကြပါတော့တယ်၊ မင်းချင်းတွေရဲ့ အကြိမ်ကြိမ်လျှောက်တင်မှုကို ယုံကြည်သွားတဲ့ ဒွတ္တပေါင်မင်းကြီးဟာ မင်းသမီးလေးကို နန်းတော်အတွင်း ဝင်ခွင့်မပြုတော့ပဲ တံခါးဝကနေ ပြန်လည်ပို့ဆောင်စေခဲ့တဲ့အတွက် မင်းသမီးလေးဟာ အရှက်ကြီးစွာရခဲ့ပါတော့တယ်၊ သူ့ကိုယ်သူ အမှန်တကယ် အလှပျက်နေပြီလားဟု သံသယဝင်ကာ မြေကြီးကို လက်သည်းနဲ့ ရေထွက်အောင်တူးပြီး ရေမှာ သူ့ကိုယ်သူပြန်ကြည့်ခဲ့ပါတယ်တဲ့၊ အဲ့ဒီ မင်းသမီးလေး လက်သည်းနဲ့ တူးခြစ်ခဲ့တဲ့ နေရာမှာ ရေကန်ကြီးဖြစ်ပေါ်လာပြီး ယနေ့တိုင် လက်သည်းကန် လို့ အမည်တွင်တယ်လို့လည်း အဆိုရှိပါတယ်
ပါးစပ်ရာဇဝင်အချို့မှာတော့ – အဖြစ်မှန်ကို သိသွားတဲ့ ဒွတ္တပေါင်မင်းကြီးဟာ မင်းသမီးနောက်ကို အမီလိုက်ခဲ့ပါတယ် လမ်းမှာလက်သည်းနဲ့တူးထားတဲ့ အမှတ်အသားတွေ တွေ့ခဲ့တဲ့အတွက် မင်းသမီးပြန်လည်မြင်တွေ့တဲ့အခါ စိတ်ကျေနပ်စေရန် ချက်ချင်းရေကန်တူး ကြာပင်တွေစိုက်ပြီး လှလှပပ ရှုချင်စဖွယ်ကြာကန်ကြီး ဖြစ်စေခဲ့တယ်လို့လည်း ဆိုကြပါတယ်
မည်သို့ပင်ဆိုစေကာမူ ဒွတ္တပေါင်မင်းကြီး နဲ့ မဆုံလိုက်ခင်မှာပဲ သုံးပန်လှမင်းသမီးလေးဟာ ရှက်ရွံနာကျည်းမုန်းတီးစိတ်တွေနဲ့ ရင်ကွဲနာကျသေဆုံးခဲ့ပါသတဲ့ ဒွတ္တပေါင်မင်းကြီးလည်း မင်းသမီးသေဆုံးခဲ့တဲ့နေရာမှာ ဂူဗိမာန်တည်ထားပေးကာ မင်းသမီးရဲ့အခြွေအရံတွေကို ရွာကြီးတည်ကာ စောင့်ရှောက်နေထိုင်စေခဲ့ပါတယ်တဲ့ခင်ဗျာ၊ အဲ့ဒီရွာရဲ့နာမည်က ကိုယ်ကြီးမြှုပ်ရွာ တဲ့လေ
နောက်ဆက်တွဲ စိတ်ဝင်စားစရာ ကိုးကွယ်ယုံကြည်မှုအကြောင်းတွေ လည်း ရှိပါသေးတယ်-မင်းသမီးကို မြှုပ်နှံခဲ့တဲ့ ကိုယ်ကြီးမြှုပ်ရွာက ရွာသူရွာသားတွေဟာ သုံးပန်လှမင်းသမီးအကြောင်းကို လက်လွတ်စပယ်မပြောမဆိုရဲကြပါဘူး၊ မင်းသမီးကို အမှားပြုမိရင် နူတတ်တယ်လို့ အယုံအကြည်ရှိကြပါတယ် အရင်ကလည်း အဲ့ဒီရွာမှာ ကိုယ်ရေပြားဝေဒနာသည် အချို့ရှိကြပါသတဲ့၊ သုံးပန်လှမင်းသမီးဟာ သူနဲ့ ဒွတ္တပေါင်မင်းကြီးနဲ့ ကွဲကွာကြရတာက ကုန်းချော ကုန်းတိုက်တဲ့ စကားတွေကြောင့် လို့ ယုံကြည်တဲ့အတွက် အဲ့ဒီလို ပြောတာတွေကို လုံးဝမုန်းတီးပါတယ်
လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျောက်လောက်က သုံးပန်လှရွာဟောင်းမှာ နေထိုင်ခဲ့ကြတဲ့ လူအချို့သည် အဲ့ဒီလို ပြောဆိုခဲ့တဲ့ အဖြစ်အပျက်ကြောင့် တစ်ရွာလုံးခမ်းခြောက် ပျက်စီးခဲ့ပြီး ရွာသစ်နေရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်လို့ ကြားသိခဲ့ရပါတယ်၊ နှစ်စဉ်နှစ်တိုင်းလည်း ဝါဆိုလပြည့်နေ့မတိုင်ခင်မှာ သုံးပန်လှမင်းသမီးကို ရည်စူးကာ သခင်မပွဲဆိုပြီး တင်မြှောက်ပူဇော်ပသ ကြတဲ့ ရိုးရာယုံကြည်မှုဓလေ့လည်း ယနေ့တိုင်ရှိနေကြောင်းပါခင်ဗျာ
crd- WalkingSaiNyiPhyu