မြန်မာ့မူပိုင် အားကစားနည်းပေါင်း မြောက်များစွာရှိပါသည်။ သို့သော် ခြင်းလုံးအားကစားနည်းမှလွဲ၍ အခြားသော မြန်မာ့မူပိုင် အားကစားနည်းများ အတွက် မှတ်တမ်းဟူ၍ မယ်မယ်ရရမရှိခဲ့ပါ။ ဝိသေသထူးလှသော ခြင်းလုံးအားကစားသည်ကား သမိုင်းနောက်ခံ အပြည့်ရှိခဲ့သည်ဟု ဆိုရပါမည်။ ထီးသုံးနန်းသုံး အားကစားတစ်ရပ်ဖြစ်ခဲ့သလို ဘဝခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရသည့် အားကစားတစ်ရပ်ဖြစ်ခဲ့သည်။ ခြင်းလုံးဟူသော ဝေါဟာရ တစ်ခုသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ မည်သို့မည်ပုံရောက်ရှိလာသည်ကို သုတေသနပြုရာတွင် တိကျခိုင်မာမှုရှိသော သမိုင်းမှတ်တမ်းများကို လက်ကိုင်ပြုရပါမည်
ခြင်းလုံးသမိုင်းစဉ်ကို ကိုးကားရန်မှာ ၁၂၀၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်းလက်ထက်တွင် ယိုးဒယားပန်းပုဆရာတစ်ဦးက ခြင်းလုံးပုံသဏ္ဍာန်တစ်ခုကို ဆင်စွယ်ဖြင့် ထုလုပ်၍ ပုဂံမင်းထံဆက်သရာ ပုဂံမင်းသည် နှစ်ချိုက်လှသဖြင့် ထိုဆင်စွယ်ခြင်းလုံးပုံ သဏ္ဍန်ကို ကြိမ်ဖြင့် ထိုးယက်လုပ်စေလျှက် မိမိ၏လူပျိုတော်သားများအားခတ်ကစား စေခဲ့သည်ဟုဆိုသောအချက်ကို မှတ်တမ်းပြုရပါမည်။ မြန်မာအင်ပိုင်ယာအမည်ရှိ စာအုပ်၌ရေးသားဖော်ပြထားသော အီတလီဘုန်းတော်ကြီး စံဂါမနိ၏မှတ်တမ်းအရ ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ် ဘိုးတော်ဦးဝိုင်းလက်ထက် မြန်မာနိုင်ငံတွင် ခြင်းလုံး ခတ်ကစားနေကြပြီဖြစ်ကြောင်း သိရှိရလေသည်
ခေါင်းဖြင့်တိုက်ခြင်း၊ ပခုံးဖြင့်တော့ခြင်း၊ တံတောင်ဆစ်ဖြင့် တိုက်ခြင်း၊ ဒူးခေါက်ခွက်ဖြင့် ခတ်ခြင်းများ ပြုလုပ်ကြသော်လည်း တဖြည်းဖြည်း တိုးတက်လာသော ယခုအခါတွင် ခြေထောက် တစ်ခုတည်းကိုသာ လုံးလုံးလျားလျား အသုံးပြုကြတော့သည်။ ခြင်းခတ်နည်း ၃ မျိုးဖြစ်သော ခြင်းယဉ်ခတ်၊ ခြင်းယိုင်ခတ်၊ ခြင်းပြိုင်ခတ်တို့အနက် ခြင်းယိုင်နှင့် ခြင်းပြိုင်ခတ်ခြင်းတို့မှာ သိပ္ပံနည်းကျကျ တီထွင်ခတ်ကစားနေကြပေပြီ
ယခုဖော်ပြပေးမယ့် ဗီဒီယိုလေးကတော့ ၁၉၃၈ ခုနှစ်က မြန်မာ့ခြင်းလုံးပွဲကို နိုင်ငံခြားသားများ မှတ်တမ်းတင်ထားသည့် ရုပ်သံဘဲဖြစ်ပါတယ်