ဒီလိုဝန်ထမ်တွေကိုအရမ်းလေးစားမိတယ်…ဥပဒေဘွဲ့ရတစ်ယောက်ဖြစ်သည်နှင့် အညီ ပြည်သူနှင့်အတူ အမှန်တရားဘက်မှ ရပ်တည်သွားပါမည်

ကျွန်တော်ဦးဝေလင်းမောင်သည် ၂၀၁၉ ခုနှစ် ၅ လပိုင်းမှစ၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးတွင် အလုပ်သမားသံအရာရှိ အဖြစ် ၁နှစ် ၈ လအထိ တာဝန်ထမ်းဆောင်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ၁၆.၁.၂၀၂၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိကာ ကိုဗစ် ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ Q ၁၇ ရက် ဝင်ခဲ့ရပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ရောက်ရှိကြောင်းသတင်းပို့၍ ၁၀.၂.၂၀၂၁ ရက်နေ့အထိ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

တာဝန်ထမ်းဆောင်နေစဉ် မိမိအား ပေးအပ်သည့် တာဝန်များကို ပြည်သူ့လူထုအကျိုးကို ရှေ့ရူပြီး စေတနာရှေ့ထား တာဝန်ထမ်းဆောင်ခဲ့သည်ကိုလည်း ကျွန်တော်နှင့် လက်တွဲဆောင်ရွက်ခဲ့သည် လူမှုအဖွဲ့အစည်း၊ အလုပ်သမားအားလုံးကို သက်သေထူနိုင်ပါသည်။ ကျွန်တော်သည် ၂၀၁၃ ခုနှစ်တွင် မဟာဥပဒေဘွဲ့ L.L.M ကို ရတနာပုံတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ လက်နက်ဖြင့် အနိုင်ကျင့်သည့်မှားယွင်းသောလုပ်ရပ်အား ဥပဒေဘွဲ့ရတစ်ယောက်ဖြစ်သည်နှင့် အညီ လက်ခံနိုင်ခြင်းမရှိသည့်အတွက် ပြည်သူနှင့်အတူ အမှန်တရားဘက်မှ ရပ်တည်သွားပါမည်။

CDM လှုပ်ရှားမှုသည်မိမိဌာနအလုပ်ကို မလုပ်ချင် လို့မဟုတ်ပါ… ဌာနအပေါ် ကျေးဇူးကန်းခြင်း မဟုတ်ပါ… မိမိ၏အထက်အကြီးအကဲများကိုမထီမဲ့မြင် တော်လှန်ပုန်ကန်ခြင်းလည်းမဟုတ်ပါ… ကောင်းမွန်သောစနစ်နှင့် နိုင်ငံဖြစ်ပေါ်ရေးနှင့် ဝန်ထမ်းကောင်းများပေါ်ထွန်းရေး…… လက်နက်ဖြင့် အနိုင်ကျင့်သည့် အာဏာရှင်စနစ် အမြစ်မတွယ်စေရေးတို့အတွက် တွန်းလှန်ခြင်းသာဖြစ်ပါသည်။

ကျွန်တော်တို့ကြီးပြင်းခဲ့ရသည့်အချိန်ကဲ့သို့ စစ်အစိုးရ၏ နည်းလမ်းပေါင်းစုံဖြင့် အနိုင်ကျင့်ခံရတာတွေကို နောင်လာမည့် လူငယ်များ၊ ကလေးငယ်လေးများအား မတွေ့ကြုံစေချင်သည်မှာ ရင်ထဲက ဆန္ဒအမှန်ဖြစ်ပါတယ်။ လုပ်ခွင့်ရနေတဲ့အချိန်မှာ လုပ်သင့်တဲ့အလုပ်ကိုမလုပ်ခဲ့ရလို့ နောင်တမရချင်ပါဘူး။ အကြောင်းတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော့်မိသားစု ဆွေးမျိုး နောင်လာမည့် လူငယ်များ ကျွန်တော့်အတွက် ဂုဏ်ယူလိမ့်မယ်လို့မျှော်လင့်ပါတယ်။ CDM ထဲပါဝင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ professional အလုပ်၊ အဆင့်ဆင့်ကြိုးစားခဲ့သည့် ရလဒ် အနာဂတ်ဘဝရည်မှန်းချက်များအားလုံးကို စွန့်လွှတ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ဝန်ထမ်းကျင့်ဝတ်အရ ပါတီနိုင်ငံရေးကင်းရှင်းရမည်ကို သိရှိပြီး ယခုဆောင်ရွက်မှုသည် မည်သည့်ပါတီ၏ အကျိုးအတွက်မျှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အမျိုးသားအရေးဟုခံယူကာ ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရအား တပ်မတော် တာဝန်ရှိသူများမှ အဓမ္မအာဏာသိမ်းယူမှုအား လုံးဝ လုံးဝ ဆန့်ကျင်ကန့်ကွက်ရှုံချသည့် အနေဖြင့် ၁၁-၂-၂၀၂၁ ရက်နေ့ မှစ၍ CDM တွင်ပါဝင်၍ ပြည်သူများနှင့်အတူ ရပ်တည်၍ ပြည်သူတင်မြောက်သည့် အစိုးရ အုပ်ချုပ်မည့် အချိန်မှသာ မိမိတာဝန်ဝတ္တရားများအား ပြန်လည်ထမ်းဆောင်သွားပါမည်။

ယခုဆောင်ရွက်မှုသည် မည်သူတစ်ဦးတစ်ယောက်၏ စည်းရုံးလှုံ့ဆော်မှုကြောင့်မှ မဟုတ်သလို မည်သည့်ပါတီကိုမှလည်း ကိုယ်စားမပြုပါ။ အလားတူ မည်သူ့တစ်ဦးတစ်ယောက်၏ အထောက်အပံ့ကြောင့် မဟုတ်၊ မိမိတစ်ဦးတည်းအတွက် မည်သည့်အကျိုးမျှ မျှော်ကိုး၍ မဟုတ်ပါကြောင်းနှင့် လက်နက်ဖြင့်အနိုင်ကျင့်သည့် အစိုးရအောက်တွင် တာဝန်ထမ်းဆောင်လိုမှု မရှိခြင်းကြောင့်သာ ဖြစ်ပါသည်။

ထို့အတူ ကျွန်တော်၏လုပ်ရပ်သည် မိမိတစ်ဦးတည်းနှင့်သာ တာဝန်ရှိပြီး မိမိ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ ဌာနမှ တာဝန်ရှိသူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ ကျွန်တော်တာဝန်ထမ်းဆောင်နေစဉ် သားတပည့်တစ်ယောက်လို ကူညီစောင့်ရှောက်ခဲ့သည့် ဆရာသမားအားလုံးအား ရှင်ခိုးကန်တော့ပါသည် ခွင့်လွှတ်နားလည်းပေးပါ ဆရာများခင်ဗျာ crd