စစ်ကောင်စီက မွန်လူမျိုးရေးရာရန်ပုံငွေကို ထုတ်ခွင့်မပေး

အာဏာသိမ်းစစ်အစိုးရက မွန်လူမျိုးရေးရာရန်ပုံငွေကို ထုတ်ခွင့်မပေး

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အတည်ပြုခဲ့ပြီးဖြစ်သော မွန်လူမျိုးရေးရာရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကိုအာဏာသိမ်းအစိုးရက ထုတ်ယူသုံးစွဲခွင့်မပြုဘဲ ဆိုင်းငံ့လိုက်ခြင်းကြောင့် မွန်အမျိုးသားနေ့ကျင်းပရန်နှင့် မွန်စာပေယဉ်ကျေးမှုလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲဖြစ်နေကြောင်း ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို ကျင်းပရေးကော်မတီမှ ဦးဆောင်သူတစ်ဦးက ပြောပါသည်။

အသစ်တက်လာတဲ့ တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီးပြီ။ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ကိစ္စအားလုံးကို ရပ်ဆိုင်းထားတယ်လို့ သူတို့က ပြောတယ်။ ဘာရန်ပုံငွေမှ ထုတ်လို့မရတဲ့သဘောပဲ။ အဲရန်ပုံငွေကို သုံးခွင့်ရှိသေးလား မရှိတော့ဘူးလားဆိုတာလည်း သေချာမသိဘူး။ ဆက်ပြီးတော့ တင်ပြသွားရမှာပေါ့ ဟု ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို ကျင်းပရေးကော်မတီ၏ ဒုဥက္ကဋ္ဌဖြစ်သူ နိုင်မွန်ရာဇာက ပြောပါသည်။

မွန်လူမျိုးရေးရာရန်ပုံငွေအနေဖြင့် မွန်အမျိုးသားနေ့၊ မွန်လူငယ်နေ့နှင့် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှုသင်တန်းအတွက် သီးသန့်ရန်ပုံငွေများကိုမွန်ပြည်နယ်အစိုးရက ခွဲဝေချထားပေးပြီး လုပ်ငန်းအထောင်အထည်ဖော်သည့်အချိန်တွင် ၎င်းရန်ပုံငွေများကို ပြည်နယ်အစိုးရထံမှ ထုတ်ယူရသည်။

မွန်အမျိုးသားနေ့နဲ့ မွန်စာပေယဉ်ကျေးမှုအတွက် သိန်းတစ်ထောင်ကို တစ်ပြားမှမထုတ်ရသေးဘူး။ ထုတ်ဖို့ပြင်နေတုန်းမှာပဲ ဒီလိုအခြေအနေဖြစ်သွား(အာဏာသိမ်းလိုက်)တယ်။ အုပ်ချုပ်တဲ့သူတွေကလည်း ပြောင်းသွားပြီ။ ထုတ်ခွင့်ရဖို့ ကြိုးစားနေတုန်းပဲ။ ဒါပေမယ့် လက်ရှိအာဏာရထားတဲ့သူတွေကလည်း စီစဉ်ပေးလို့မရသေးဘူးပြောနေတော့ ဂွကျနေတာပေါ့ ဟု နိုင်မွန်ရာဇာက ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရလာသည့် ၂၀၁၆ ခုနှစ်မှစ၍ မွန်လူမျိုးရေးရာအတွက် ရန်ပုံငွေ ကျပ်သိန်း (၁,၀၀၀)၊ ကရင်လူမျိုးရေးရာအတွက်ရန်ပုံငွေ ကျပ်သိန်း (၁,၅၀၀)၊ ဗမာလူမျိုးရေးရာအတွက် ရန်ပုံငွေ ကျပ်သိန်း (၁,၀၀၀)နှင့် ပအို့ဝ်လူမျိုးရေးရာအတွက် ရန်ပုံငွေ ကျပ်သိန်း (၁,၀၀၀) စုစုပေါင်းကျပ်သိန်း (၄,၅၀၀) ကို နှစ်စဉ်ပေးအပ်ခဲ့သည်။ crd: Mon human right, ဓာတ်ပုံ (၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ. ပြည်နယ်အစိုးရထောက်ပံငွေပုံ)