“မြန်မာပြည်မှာ ရွေးကောက်ခံအစိုးရ အမြန်ဆုံးအစားထိုးဖို့ Quad အဖွဲ့သဘောတူပြီ”

အာရှမှာ ပေါက်ဖော်ကြီး အင်အား ကြီးထွားလာမှုကို ခုခံနိုင်ဖို့အတွက် အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျနိုင်ငံ ၄ခုစုပေါင်းထားတဲ့ Quad အဖွဲ့လို့တင်စားခေါ်ကြတဲ့ ဒီအဖွဲ့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမြန်ဆုံးပြန်လည်ရရှိဖို့နဲ့ ဆန္ဒပြသူတွေကို အင်အားသုံးအကြမ်းဖက်တာမှန်သမျှ အပြင်းအထန်ဆန့်ကျင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ဆွေးနွေးခဲ့ရာမှာ မြန်မာပြည်အရေး၊ ကိုဗစ် ၁၉၊ ကမ္ဘာ့ရာသီဥတုနဲ့ အင်ဒိုပစိဖိတ်ဒေသ ရေပိုင်နက်ကိစ္စတွေကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထဲ ပြောဆိုခဲ့ပါတယ်။

“မြန်မာပြည်မှာ ဒီမိုကရေစီစနစ် အလျင်အမြန်ပြန်လည်အစားထိုးနိုင်ဖို့လိုတယ်၊ ပကတိအနေအထားကိုပြောင်းလဲဖို့ တစ်ဖက်သတ်အင်အားသုံးတဲ့လုပ်ဆောင်ချက်မှန်သမျှကို အပြင်းအထန် ဆန့်ကျင်ကြဖို့ ကျနော်တို့အားလုံး သဘောတူခဲ့ကြပါတယ်”လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ပြန်လည်အစားထိုးအရေးတကြီးလိုအပ်နေတယ်လို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ပြီးခဲ့တဲ့အပတ်က ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးရာမှာ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေး အားကောင်းသန်မာဖို့ Quad အဖွဲ့ကနေတစ်ဆင့် လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

crd: ကမာရွတ်မီဒီယာ