ဦးတို့မဟုတ်မှန်း သိသိကြီးနဲ့ တမင်သက်သက်ကို ဝင်ရမ်းပြီး ရိုက်သွားတာ… သေနတ်ကြောက်တော့ လုပ်သမျှခံရတာပေါ့

ဦးတို့မဟုတ်မှန်း သိသိကြီးနဲ့ တမင်သက်သက်ကို ဝင်ရမ်းပြီး ရိုက်သွားတာ မတ် ၁၁ညပိုင်းက မုံရွာမြို့ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ရှိ ဝင်ရောက် ဖျက်ဆီးခံရသော နေအိမ်မှ ဦးအောင်နိုင်နှင့် တွေ့ဆုံခြင်း မုံရွာဂေဇက်- ဘယ်လိုစပြီး ဖြစ်လဲဆိုတာလေး ပြောပြပေးပါ

UAN – ဦးတို့မိသားစု သုံးယောက်ထမင်းစားနေတုန်းမှာ လမ်းထိပ်ကအသံကြားရတယ် သာမာန်ရန်ဖြစ်တယ်ပဲထင်ပြီး တံခါးမပိတ်မိဘူး စစ်ဝတ်စုံနဲ့ လူသုံးယောက်ကို အပြင်ဘက်မှာ နှစ်ယောက်ကစောင့်တယ် တယောက်က အပေါက်ဝကနေ သေနတ်နဲ့ချိန်ထားတယ် တယောက်က အိမ်ထဲထိဝင်ပြီး ရိုက်တယ် တံခါးပိတ်မလို့လုပ်တုန်းရုတ်တရက်ကြီး အိမ်ရှေ့ရောက်လာပြီး ဦးကိုသေနတ်နဲ့ချိန်ထားတယ် မပိတ်နဲ့ ပိတ်ရကင်ပစ်မှာလို့ပြောတယ်

ဝင်လာပြီး စားနေတဲ့ပန်းကန်တွေရိုက်ခွဲပြီး အနားရှိတဲ့ ခုံတွေ၊ပန်းအိုးတွေကို အကုန်ရိုက်ခွဲပါတယ် မင်းတို့လိုက်တာငါတို့မဟုတ်ပါဘူး ငါတို့ထမင်းစားနေတာလည်း မြင်ရဲ့သားနဲ့ မင်းတို့လိုက်တဲ့ဆိုင်ကယ်မဟုတ်ပါဘူး ဆိုပြီး ရှင်းပြပါနေတာကို ဆဲဆိုပြီးစားနေတဲ့ပန်းကန်တွေ ရိုက်ခွဲသွားပါတယ်

မုံရွာဂေဇက်- တခြားအိမ်တွေမဝင်ဘဲ အန်ကယ်တို့အိမ်ကိုမှ ဘာကြောင့် အခုလိုဝင်လာတယ်လို့ ထင်လဲ UAN- လမ်းထိပ်ကနေ ဆိုင်ကယ်သမားနဲ့ပြဿနာတခုခုဖြစ်လာပုံရတယ် ဆိုင်ကယ်သမားက ဦးတို့လမ်းထဲဝင်လာတော့ သူတို့ကနောက်ကနေပြေးလိုက်ရင်း တံခါးပိတ်မယ်လုပ်တုန်း အတင်းဝင်လာပြီး တန်းရိုက်တာပါပဲ လမ်းတွေပိတ်တာလည်း မကြိုက်၊အမှိုက်ပုံတာတွေလည်း ကြိုက်ပုံမရဘူး ဦးတို့မဟုတ်မှန်းသိသိကြီးနဲ့ တမင်သက်သက်ကို ဝင်ရမ်းပြီးရိုက်သွားတာ

မုံရွာဂေဇက် – ဝင်လာပြီးနောက် အန်ကယ်တို့ကို ဘယ်လိုဆက်ဆံလဲ UAN- အဆဲအဆိုတွေရောပြောပြီး တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းဆက်ဆံပါတယ် တွေ့သမျှအကုန်ရိုက်တာ အမျိုးသမီးကို ရိုက်မယ်လုပ်တော့ ဦးက ရှေ့ကနေဝင်ပြီး လက်အုပ်ချီပြီး အတင်းတောင်းပန်ပါတယ် နောက်ကစစ်သားက သူတို့လူကို သူတို့နဲ့မဆိုင်ပါဘူး လာပါကွာ ဆိုပြီး အတင်းဝင် ခေါ်သွားတယ် အဲဒါကြောင့်မို့ လူမထိခိုက်တာပါ

မုံရွာဂေဇက် – အန်ကယ်တို့ကိုရော ဘာတွေပြောသွားသေးလဲ UAN – ပြောတာတော့ လမ်းထိပ်ကို အမှိုက်ပုံတာ၊လမ်းတွေတားတာတွေက မင်းတို့လုပ်တာ၊ မင်းတို့ပစ်တာဆိုပြီး ပြောတယ် ဆဲလည်းဆဲတယ် မုံရွာဂေဇက်- အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဘာဆက်လုပ်သွားဖို့ရှိလဲ UAN- အိမ်ထဲထိတောင် ကျူးကျော်ပြီးလုပ်တာဆိုတော့ မကျေနပ်တာရော၊ခံပြင်းတာရောပေါ့ သေနတ်ကြောက်တော့ လုပ်သမျှခံရတာပေါ့ crd မုံရွာဂေဇက်