သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူတွေကို အလကားကုပေးမှာတဲ့

“သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူတွေကို အလကားကုပေးမှာတဲ့” ဒီလောက် စိတ်ထားကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ

“အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သားလေးက ခုမရှိတော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့”

“အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာနေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ကျောင်းတောင် ကောင်းကောင်းမတက်ခဲ့ရဘူး၊ ပြေးရပုန်းရနဲ့ နေလာရတာသားရယ်၊ အဲ့တော့ အန်တီက အန်တီ့သားလေးကို ပညာတတ်စေချင်တယ်၊ အန်တီ မစားရနေပါစေ သားလေးကို အကောင်းဆုံးတွေပဲ ပေးခဲ့တာ၊ ပိုးမွေးသလို မွေးခဲ့တာ၊ ခုတော့ အန်တီ့သား ပညာတတ်လေး မရှိတော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရတော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်”

“အန်တီ့ သားလေးက အရမ်းစိတ်ထားကောင်းတာ၊ လူကြီးတွေရော ဆရာဆရာမတွေရောက သိပ်ချစ်တာ၊ စာလည်း အရမ်းတော်တာ၊ အန်တီ့သားကြောင့်လေ တစ်ခါမှ မျက်နှာမငယ်ခဲ့ရဘူး သိလား၊ ခုတော့ အသက်ပေးလိုက်ရပြီသားရယ်၊ အန်တီ့သားလေးကို အသက်ပြန်ရှင်ခွင့်ပေးပါ၊ အန်တီရင်ဘက်ကို ကော့ပေးထားပါတယ်၊ အချက် ၁၀၀ ပစ်ရင်လည်း အန်တီခံပါ့မယ်သားရယ်”

အန်တီက သူ့လက်ကလေးတွေ ကြည့်ပြီး ငိုရင်း “ဒီလက်ကလေးတွေနဲ့လေ အန်တီ့သားလေးကို ဟင်းချက်ကျွေးခဲ့တာ၊ သူကြိုက်တဲ့ဟင်းတွေ အကုန်ချက်ကျွေးခဲ့တာ၊ ခုအန်တီချက်ကျွေးချင်ရင်တောင် ကျွေးလို့မရတော့ဘူးသားရယ်”

“အန်တီ့သားလေး ကိုရင် ၁လ ဝတ်တုန်းကဆိုလေ မျက်နှာလေးမြင်ချင်လွန်းလို့ ဘုန်းကြီးကျောင်းမှာ တစ်နေကုန် ပန်းကန်ဆေးပြီး စောင့်ခဲ့တာ သားရဲ့၊ အန်တီ့သားကလေ သိပ်တော်တယ် သိလား၊ ကိုရင်ဝတ်တော့ စာမေးပွဲစစ်တာ အယောက် ၄၀၀ကျော်မှာ အဆင့် ၄ ချိတ်တာသားရဲ့၊ အန်တီအရမ်းဂုဏ်ယူရတဲ့သားလေးပါ သားရယ်”

အန်တီက သူ့ခြေထောက်လေးတွေကို ကြည့်ရင်း ” ဒီခြေထောက်လေးတွေနဲ့ အန်တီ့သားလေးကို ကျောင်းပို့၊ ကျူရှင်ပို့လုပ်ခဲ့တာ၊ အန်တီ့သားလေးနဲ့အတူ လျှောက်သွားခဲ့တာ၊ ခု သားလေးမရှိတော့ ဒီခြေထောက်တွေနဲ့ ဘယ်လိုရပ်တည်ရမလဲသားရယ်”

Dead bodyထုတ်ဖို့သွားရင်းနဲ့ လမ်းမှာ ညီလေး ခန့်ငြားဟိန်း ကျသွားတဲ့နေရာနားလည်းရောက်ရော ” သားရေ ဟိုမှာ ကြည့်ပါဦး၊ နှင်းဆီပန်းလေး ချထားတဲ့နေရာတွေ့လား၊ အဲ့မှာ အန်တီ့သားလေးကို ပစ်သတ်သွားတာ သားရဲ့၊ ပြီးတော့ တရွတ်တိုက်ဆွဲသွားတာ၊ အန်တီ ရင်ကွဲမတတ်ကို ခံစားရတယ် သားရယ်”

“အန်တီတို့က တရုတ်စစ်စစ်ပါ သားရယ်၊ မြန်မာပြည်မှာ မွေးတဲ့ တရုတ်စစ်စစ်ပါ၊ အန်တီမှာချင်တာကလေ မြန်မာပြည်က တရုတ်တွေကို မမုန်းလိုက်ပါနဲ့၊ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာစိတ်ဓါတ်ပဲရှိတာပါ၊ အန်တီတို့ စိတ်ဓါတ်က ပြည်မကြီးကတရုတ်တွေနဲ့ ယှဉ်ရင် အကွာကြီးပါ၊ အန်တီဆို သူတို့ရဲ့မတော်လောဘကြောင့် အန်တီ့သားလေးကို ဆုံးရှုံးလိုက်ရပြီ၊ တကယ် ကမ္ဘာမကြေဘူး”

“အန်တီ့သားလေးကို အမြဲအမှတ်ရနေပေးပါနော်၊ သားလေးအတွက် အမှတ်တရဖြစ်စေမယ့်နေရာလေးတွေလည်း လုပ်ပေးပါနော်၊ အန်တီ့သားလေးကိုလွမ်းတိုင်း အဲ့နေရာလေးတွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်လောင်းလေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်”

ကျွန်တော်တို့ ကူငွေလေးပေးဖို့ကို အန်တီက လက်မခံဘဲ ” အန်တီတို့ထက် တကယ်ပိုပြီးလိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်၊ သူတို့ကိုပဲ လှူပေးပါနော်၊ အန်တီ့သားလေးကို ရည်စူးပြီးတော့ လှူပေးပါနော်”

ဒီစကားတစ်ခွန်းချင်းဆီတိုင်းက ရင်ဘတ်ကို ဖောက်ထွက်မတတ် ခံစားရတယ်၊ သားလေးတစ်ယောက် ဆုံးရှုံးသွားတဲ့ မိခင်တစ်ယောက်ရဲ့ ပူဆွေးငိုကြွေးသံတွေကြား တကယ် ဝမ်းနည်းရတယ်၊ ဘာမှ မလုပ်ပေးနိုင်လို့လည်း အားနာရပါတယ်၊ ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးလိုက်ရတဲ့ အန်တီ့သားကို အမြဲမှတ်မိနေပါ့မယ်။ သေမင်းက လူကောင်း သိပ်ကြိုက်တယ်ဗျာ၊ တကယ် စိတ်ထားကောင်းတဲ့သူကိုမှ ခေါ်သွားရက်တယ်။(ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်မောင်ခန့်ငြားဟိန်းကို အလေးပြုလျက်)