မွေးနေ့မှာ နှင်းဆီပန်းဝေလို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ၁၀ ကျော် ဖမ်းဆီးခံရသည့် ဖြစ်စဉ်

ပြင်ဦးလွင်- လားရှိုးလမ်းမကြီး စံပြကွေ့အနီးမှာတည်ရှိတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ဆယ့်နှစ်ဦးကို နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၉ ရက် မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်

Café 99 ကော်ဖီဆိုင်ရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက အဲဒါကကျတော့ ကျနော်တို့ရဲ့ ဆိုင်ရှင်ပေါ့နော်။ အန်တီရဲ့မွေးနေ့။ သူတို့က ယတြာချေတယ်ပေါ့နော်။ ယတြာချေမယ်ဆိုပြီးတော့ ပန်းတွေနဲ့ အဲလိုလုပ်တာ။ အဲဒါကို သူတို့က ပန်းသပိတ်တို့ဘာတို့ဆိုပြီးတော့ စွပ်စွဲတာနေမှာပေါ့။ ကျနော်တို့က မွေးနေ့ကိတ်တွေ ဘာတွေတောင် ခွဲဖို့ပြင်ထားပြီးပြီ လို့ ပြောပါတယ်

Café 99 ကော်ဖီဆိုင်ပိုင်ရှင်က သူရဲ့ မွေးနေ့အလှူအဖြစ် ဒီမနက် ဆိုင်သို့လာရာက် စားသုံးသူတွေကို နှင်းဆီပန်းတစ်ပွင့်စီ လက်ဆောင်ပေးခဲ့တဲ့အတွက်အာဏာသိမ်းစစ်ကောင်စီ ရဲနဲ့ စစ်တပ်က ဆိုင်သို့လာရောက် မေးမြန်းပြီး ဆိုင်ပိုင်ရှင် သုံးဦးနဲ့ ဝန်ထမ်း ကိုးဦး စုစုပေါင်း ဆယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်

ပန်းသပိတ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ Café 99 ဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လွှတ်ပေးစေချင်တယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူတွေက ခေါင်းမှာပန်းပန်ပြီး မွေးနေ့ဆုတောင်းစကားတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားကြသလို ပန်းသပိတ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်  credit- မဇ္ဈိမ