ဗိုလ်ချုပ်အောင်ဆန်းမှ ထမင်းမစားရသေးလို့ကျွေးပါအုန်းဟုပြောရာ ဗိုလ်ချုပ် မှန်းမသိဘဲ အိမ်သို့ခေါ်ကာ ထမင်း ကျွေးခွင့်ရခဲ့သူ
မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းနေတဲ့အချိန်မှာ သမိုင်းတွင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိသလို သမိုင်းမှာ ပါဝင်ခွင့် မရတဲ့ အဖြစ်အပျက်လည်း ရှိနေပါတယ်။
အင်္ဂလိပ်နဲ့ ပူးပေါင်းပြီး ဂျပန်ကို တော်လှန်ဖို့ လျှို့ဝှက်လှုပ်ရှားစဉ် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကျေးရွာကို ဗိုလ်ချုပ် ရောက်ရှိခဲ့ပါတယ်
ထမင်း မစားရသေးလို့ အရုဏ်တက်ချိန် အလှူတခုမှာ ဝင်ရောက် တောင်းခံရာ အရုဏ် ဆွမ်းလောင်းဖို့ စီစဉ်နေတဲ့ အလှူရှင်မိသားစုက ဗိုလ်ချုပ်မှန်း မသိဘဲ
ထမင်းချိုးနဲ့ ကျွေးမွေးခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တယ်လို့ ဆိုပါ တယ်။ဗိုလ်ချုပ်နဲ့တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှန်း မသိခဲ့ဘဲ ထမင်းချိုး ကျွေးမွေးခွင့်ရခဲ့သူကတော့ ဟင်္သာတမြို့မှာ
နေထိုင်နေတဲ့ အသက် ၉၀ အရွယ် အဘ ဦးငွေရ ခ ဦးစိန်ဝင်း ဖြစ်ပါတယ်။
ကျနော် ဆွမ်းလောင်းမလို့ လုပ်နေတုန်း သူတို့ ၂ ယောက် လာတယ်။ သူတို့ ၂ ယောက်လာ တာစုတ်စုတ်ပြတ်ပြတ်လိုပဲ ခေါင်းမှာ ခမောက်တွေနဲ့။
ကျနော် ဆွမ်းလောင်းမလို့ တန်းလျားပေါ်မှာ ထိုင် ဘုန်းကြီးတွေစောင့်နေတာ။ မနက် ငါးနာရီခွဲလောက် ရှိပြီ။ အဲဒါ သူတို့ ရောက်လာတယ်။
လာပြီးတော့ ကျနော်တို့ ထမင်းမစားရလို့တဲ့ မနေ့ကတည်းကတဲ့၊ ထမင်းကျန် ဟင်းကျန်လေးများရှိရင်ကျွေး ပါတဲ့။ သူပြောတယ်။ သူပြောတော့ ကျွန်တော်ကလည်း
ဆွမ်းလောင်းဖို့ လုပ်နေတုန်းဆိုတော့ဟာကွာငါစောစောစီးစီး ဘုန်းကြီးဆွမ်းလောင်းမလို့ စောစောစီးစီး မင်းတို့ လာတောင်းတော့ ငါမပေးနိုင်ဘူးကွာလို့ ငါမကျွေးနိုင်ဘူးကွာလို့ ပြောတယ်။
ပြောတော့ သူက ကျနော်တို့က သူတောင်းစားတွေ မဟုတ်ပါဘူးတဲ့။ ခရီးသွားတွေပါတဲ့။မနေ့ကတည်းက ထမင်းမစားရသေးလို့ အဲဒါကြောင့်မို့ ထမင်းကျန် ဟင်းကျန်လေးတွေ ရှိရင်
တောင်းတာပါ ဆိုတော့ ကျနော် စားမလို့ လုပ်ထားတဲ့ လင်ပန်းထဲမှာ ထည့်ထားတဲ့ ထမင်းချိုးတွေရယ်၊ နောက်ပြီးတော့ ငါးကြင်းသားဟင်း ချက်တယ်
ဝက်သားဟင်း ချက်တယ်။ အဲဒီက ဟင်းတွေ ခူးခပ်ပြီး ကျန်တဲ့ အိုးတွေထဲကဟာတွေ နယ်ပြီးတော့ လင်ပန်းထဲမှာ ပုံထားပြီး မနေ့ကထဲက ထမင်းမစားရသေးဘူးဆိုတော့
ဒီဥစ္စာ စားကြဆိုပြီး တန်းလျားပေါ်မှာ ကျွေးတာ။သူတို့မှန်းလဲ မသိဘူးလေ လို့ ဦးငွေရက ပြောပါတယ်။အသက်၂၀ အရွယ်မှာ အစ်မတွေနဲ့အတူ မိဘနှစ်ပါးကို ရည်စူးကုသိုလ်ပြုတဲ့
အလှူအတွက်ဘုန်းကြီးတွေကိုဆွမ်းလောင်းလှူဖို့ ကျုံပျော်-ဟင်္သာတ လမ်းမကြီးဘေး ပြင်ဆင်နေစဉ်ဗိုလ်ချုပ်ကို တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။ Credit